07/08/2026
စိန်တွေဟာ ကျောက်မီးသွေးကနေ ဖြစ်လာတာလား
မဟုတ်ပါဘူး။ စိန်တွေဟာ ကျောက်မီးသွေးကနေ ဖြစ်လာတာ မဟုတ်ပါဘူး။ အများသူငှာ အမှတ်မှားလေ့ရှိကြပေမဲ့ စိန်နဲ့ ကျောက်မီးသွေးတို့ဟာ ဖြစ်ပေါ်ပုံခြင်းမတူသလို ဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်လည်း မတူကြပါဘူး။
ဖြစ်ပေါ်သည့် အနက်နှင့် ပတ်ဝန်းကျင် (Depth and Environment)
ကျောက်မီးသွေးဟာ ကမ္ဘာ့အပေါ်ယံလွှာ (crust) မှာ ဖြစ်ပေါ်ပြီး၊ စိန်ကကျ ကမ္ဘာ့ကြားလွှာ (mantle) မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးကို ပန်းသီးတစ်လုံးအနေနဲ့ မြင်ကြည့်မယ်ဆိုရင် ကျောက်မီးသွေးတွေဖြစ်ပေါ်တဲ့ ကမ္ဘာ့အပေါ်ယံလွှာ crust ဆိုတာ ပန်းသီးရဲ့ အပေါ်ယံခွံလောက်ပဲ ထူပါတယ်။
ကျောက်မီးသွေးဟာ ကမ္ဘာ့အပေါ်ယံလွှာ (Crust) ပေါ်က အနယ်ကျချိုင့်ဝှမ်း (Sedimentary basin) တွေမှာ အပင်တွေ ဆွေးမြည့်ရာကနေ ဖြစ်ပေါ်လာတဲ့ ဇီဝ အနယ်ကျကျောက် (organic sedimentary rock) ဖြစ်ပါတယ်။ စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပြီး မီးလောင်နိူင်တဲ့ကျောက်တစ်မျိုးပါ။ ကျောက်မီးသွေး ဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ အပူချိန်နဲ့ ဖိအားဟာ စိန်တွေဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ အပူချိန်နဲ့ ဖိအားလောက် မများ။
စိန်ကတော့ ကမ္ဘာ့ကြားလွှာ (Mantle) အတွင်း အနက် ကီလိုမီတာ ၁၅၀ မှ ၂၅၀ ကြား အလွန်မြင့်မားတဲ့ ဖိအားနဲ့ အပူချိန်အောက်မှာ ဖြစ်ပေါ်တာပါ။ အဲဒီလောက်နက်တဲ့အတွက် စိန်ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အလွန်များပြားတဲ့ဖိအား (လေထုဖိအားထက် အဆ ၅၀,၀၀၀ ခန့်) ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ စကော့လူမျိုး ပညာရှင် ထောမတ်စ် ကာလိုင်း (Thomas Carlyle) က ပြောတာ… No pressure, no diamonds. သူပြောတဲ့ pressure ဆိုတာ ကျွန်တော်တို့ ပညာရပ်နယ်ပယ်မှာ သုံးနေတဲ့ UHP (Ultra High Pressure, အလွန့်အလွန် မြင့်တဲ့ ဖိအား) ကို ပြောတာပါ။
တကယ်လို့ ကမ္ဘာ့အပေါ်ယံလွှာ crust အတွင်းမှာ စိန်တွေ့ရပြီဆိုရင် အဲ့ဒီစိန်ဟာ Crust မှာ မူလကတည်းက ဖြစ်တည်ခဲ့တာ မဟုတ်ပါဘူး။ Crust ရဲ့ သာမန်ဖိအားနဲ့ အပူချိန်အောက်မှာ ကာဗွန်ဟာ စိန် (Diamond) အဖြစ်မဖြစ်တည်နိုင်ဘဲ ဂရပ်ဖိုက် (Graphite) အနေနဲ့သာ တည်ရှိနိုင်လို့ပါ။ စီးပွားဖြစ် တူးဖော်နေတဲ့ စိန်အများစုဟာ ကမ္ဘာ့ကြားလွှာ mantle အတွင်း (အနက် ၁၅၀ မှ ၂၅၀ ကီလိုမီတာခန့်) မှာရှိတဲ့ အပူချိန်နဲ့ ဖိအား (HPHT, High Pressure High Temperature) အောက်မှာ ဖြစ်တည်ပါတယ်။ အဲ့ဒီနောက်မှာ Kimberlite ဒါမှမဟုတ် Lamproite မီးတောင်ပေါက်ကွဲမှုတွေကနေတစ်ဆင့် အဆိုပါစိန်တွေကို ကမ္ဘာ့အပေါ်ယံမျက်နှာပြင်ပေါ် (သို့မဟုတ် ကမ္ဘာ့ အပေါ်ယံလွှာ Crust အတွင်းပိုင်း) ကို အလွန်လျင်မြန်စွာ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ မီးတောင်ပြွန် (Pipes) တွေအဖြစ် ကမ္ဘာ့အပေါ်ယံလွှာ Crust ထဲမှာ ပုံဆောင်သွားပါတယ်။ အချို့က ရေတိုက်စားရာကနေ မြေဆွဲအားကြောင့် စုစည်းမိသွားတဲ့ မြစ်ချောင်းပို့ချသိုက် (Placer deposits) အနေနဲ့ သဲကျောက်၊ နုန်းကျောက် စတဲ့ အနယ်ကျကျောက်တွေထဲ ရောက်သွားပါတယ်။
စိန်နဲ့ ပြောင်ခေါင်းစိမ်း (peridot) ကလွဲလို့ ပတ္တမြား၊ နီလာ၊ မြ အပါအဝင် ကျောက်မျက်တွင်းထွက်တွေဟာ ကမ္ဘာ့အပေါ်ယံလွှာ crust မှာ ဖြစ်ပေါ်ကြတာ ဖြစ်ပါတယ်။
သက်တမ်းကွာခြားမှု
ကမ္ဘာပေါ်မှာ တူးဖော်တွေ့ရှိရတဲ့ သဘာဝစိန် အများစုဟာ သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၁,၀၀၀ မှ ၃,၃၀၀ ကြားမှာ ရှိကြပါတယ်။ နှစ်သန်းပေါင်း ၄၅၅၀ ခန့် ရှည်ကြာပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ စိန်အများစုဟာ ကျောက်မီးသွေး ဖြစ်ပေါ်လာနိုင်တဲ့ အပင်တွေ ကမ္ဘာပေါ်မှာ မရှိခင်ကတည်းက ဖြစ်တည်ပြီးပါပြီ။
ကျောက်မီးသွေးတွေ ဘယ်လိုဖြစ်
ကျောက်မီးသွေးတွေ ကမ္ဘာပေါ်မှာ အများဆုံးနဲ့ အဓိက စတင်ဖြစ်ပေါ်ခဲ့တဲ့ ကာလဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၆၀ ကနေ ၃၀၀ ကြား အချိန်ကာလမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလဟာ ကုန်းနေအပင်တွေ ကမ္ဘာပေါ်မှာ စတင်ပေါက်ရောက်ရှင်သန်တဲ့ ကာဗွန်နီဖားယပ်အချိန် Carboniferous period ဖြစ်ပါတယ်။ ကျောက်မီးသွေးခေတ်လို့ ဆိုကြပါစို့။ ရာသီဥတုက ပူနွေးစွတ်စိုပြီး ရွှံ့နွံတော (swamp forests) တွေ အများဆုံး ရှင်သန်ပေါက်ရောက်ခဲ့တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအပင်ကြီးတွေ သေဆုံးသွားတဲ့အခါ ရွှံ့တွေနွံတွေအောက်မှာ နစ်မြုပ်သွားပါတယ်။ အောက်ဆီဂျင် မလုံလောက်တဲ့ အခြေအနေ (Anaerobic environment) ကြောင့် အပင်တွေဟာ အပြည့်အဝ မဆွေးမြည့်ဘဲ စုပုံလာရာကနေ ကာဗွန်ကြွယ်ဝတဲ့ သစ်ဆွေး (Peat) အဖြစ် ပြောင်းလဲသွားပါတယ်။ အချိန်ကာလ နှစ်သန်းပေါင်းများစွာ ကြာလာတာနဲ့အမျှ အပေါ်ကနေ ရွှံ့တွေနုံးတွေ ထပ်မံဖုံးလွှမ်းလာတဲ့အတွက် မြေအောက်အနက်ပိုင်းမှာ ဖိအားနဲ့ အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ ဒီဖြစ်စဉ်ကြောင့် သစ်ဆွေးထဲမှာရှိတဲ့ ရေနဲ့ အခြားဓာတ်ငွေ့တွေ ထွက်သွားပြီး ကာဗွန်ရာခိုင်နှုန်း ပိုများလာကာ Lignite, Sub-bituminous, Bituminous နဲ့ Anthracite စတဲ့ ကျောက်မီးသွေး အမျိုးအစားတွေအဖြစ် အဆင့်ဆင့် အသွင်ပြောင်းသွားပါတယ်။
ကမ္ဘာ့ကျောက်မီးသွေး အများစုဟာ Paleozoic (သက်ဦးကပ်) ရဲ့ Carboniferous နဲ့ Permian ခေတ်တွေမှာ ဖြစ်ပေါ်ခဲ့တာ မှန်ပေမဲ့ အခြားကာလတွေ Mesozoic (သက်လယ်ကပ်) နဲ့ Cenozoic (သက်နှောင်းကပ်) တွေမှာလည်း ဖြစ်ပေါ်ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် Tertiary တတိယယုဂ်သက်တမ်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျောက်မီးသွေးတွေဟာ များသောအားဖြင့် Lignite (သို့မဟုတ်) Sub-bituminous လို ကျောက်မီးသွေးနု အမျိုးအစားတွေ ဖြစ်ကြပါတယ်။
ဓာတုဖွဲ့စည်းပုံနဲ့ ပုံဆောင်ခဲ တည်ဆောက်ပုံ
ကျောက်မီးသွေးမှာ ကာဗွန်နဲ့အတူ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊ နိုက်တြိုဂျင်နဲ့ ဆာလဖာတွေ ပါဝင်ပြီး ရှုတ်ထွေးတဲ့ အော်ဂဲနစ် ပိုလီမာ (Complex Organic Polymer) တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ အရောအနှော (Impurities) တွေကြောင့် စိန်လို တိကျတဲ့ ပုံဆောင်ခဲတည်ဆောက်ပုံ မရှိဘဲ ပုံဆောင်မဲ့ (Amorphous) ဖြစ်ပါတယ်။
ကျောက်မီးသွေးနဲ့ မတူတာက စိန်တွေဟာ ကာဗွန်အတမ်တွေနဲ့ချည်း (၉၉.၉၅%) စနစ်တကျ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကုဗစနစ် (Cubic crystal System) မှာ ပုံဆောင်ပြီး၊ ဖက်စပ်စည်း (Covalent bond) နဲ့ အခိုင်အမာ ချိတ်ဆက်ထားပါတယ်။ ကာဗွန်အတမ်တစ်ခုဟာ အခြား ကာဗွန်အတမ် ၄ ခုနဲ့ လေးမျက်နှာထုပုံ (Tetrahedral crystal lattice) နဲ့ သိပ်သိပ်သည်းသည်း ညီညီညာညာ တည်ဆောက်ထားတာမို့ စိန်ဟာ သဘာဝမှာ အမာကြောဆုံးတွင်းထွက် ဖြစ်ပါတယ်။ မိုးရဲ့ အမာစကေးအရ အမြင့်ဆုံး ၁၀။
စိန်တွေ ဘယ်ကလာ
(၁) စိန်တွေ ဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ကာဗွန်ဟာ ကမ္ဘာ့ကြားလွှာအတွင်း အလွန်နက်တဲ့နေရာကပါ။ အဲဒီကာဗွန်တွေက. ကမ္ဘာဖြစ်ကတည်းကရှိခဲ့တဲ့ ကာဗွန် (Primordial carbon) တွေ ဖြစ်နိုင်ပါတယ်။
(၂) ထုံးကျောက် (CaCO3)တွေ ဒိုလိုမိုက်ကျောက်(CaCO3.MgCO3) တွေလို ကာဗွန်နိတ်ကျောက်တွေပါဝင်တဲ့ သမုဒ္ဒရာမြေထုချပ် (oceanic plates) တွေက သူ့ထက် သိပ်သည်းဆနည်းတဲ့ တိုက်မြေထုချပ် (continental plates) တွေအောက် ငုပ်လျှိုးဝင်သွားတဲ့အခါ ပြင်းထန်တဲ့ အပူချိန်နဲ့ ဖိအားတွေက အဲဒီ ကျောက်တွေကို ပြိုကွဲစေပါတယ်။ အဲဒီ ပြိုကျမှုကြောင့် ထွက်ပေါ်လာတဲ့ ကာဗွန်က စိန်ကို ဖြစ်စေပါတယ်။ ကမ္ဘာပေါ်မှာ ဟုပ်စိန် (Hope diamond) လို ရှားပါးပြီး နာမည်ကြီးတဲ့ စိန်တွေဟာ ကမ္ဘာ့ကြားလွှာရဲ့အောက်ပိုင်းမှာရှိတဲ့ primodial carbon ကနေ ဖြစ်လာပါတယ်။ အဲဒီကာဗွန်က ကမ္ဘာ့မျက်နှာပြင်အနီးက ကာဗွန်နဲ့ မတူပါဘူး။ သီးခြားတည်ရှိတဲ့ ကာဗွန် ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွင်းပိုင်း အနည်းဆုံး ၂၅၀ ကီလိုမီတာ အနက်လောက်ကလာတဲ့ စိန်ကို Superdeep diamond လို့ ခေါ်ပါတယ်။ တချို့စိန်တွေဆို ရှားရှားပါးပါး ကြားလွှာရဲ့အောက်ပိုင်း ကီလိုမီတာ ၇၀၀ လောက်က လာတာမျိုးတောင် ရှိပါတယ်။
(၃) အလွန်ကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ကမ္ဘာကြီးပေါ် ကျရောက်ထိခိုက်မိလို့ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ အပူချိန်နဲ့ ဖိအားတွေကြောင့်လည်း စိန်တွေ ဖြစ်နိူင်ပါသေးတယ်။ ရှားတော့ ရှားတာပေါ့။
ကမ္ဘာ့မျက်နှာပြင်သို့ ရောက်ရှိလာပုံ
ကမ္ဘာ့ကြားလွှာအတွင်း အလွန်နက်တဲ့နေရာမှာ ဖြစ်ပြီးတာနက် စိန်တွေဟာ အလွန်အလှမ်းကွာတဲ့ ကမ္ဘာ့အပေါ်ယံမျက်နှာပြင်ကို မီးတောင်ပေါက်ခြင်းလို ဘူမိဖြစ်စဥ်မျိုးနဲ့ ရောက်လာပါတယ်။
ကနေ့ တူးဖော်ရရှိတဲ့ စိန်တွေကို အဓိကအားဖြင့် ကင်ဗာလိုက်ပြွန် (kimberlite pipe) လို့ခေါ်တဲ့ မုံလာဥနီပုံ မီးသင့်ကျောက်စိုင်တွေကနေ ရပါတယ်။ ကင်ဗာလိုက်ပြွန်တွေဟာ ကမ္ဘာ့ကြားလွှာအတွင်း အလွန်နက်တဲ့နေရာကနေ စတင်ခဲ့ပြီး ကမ္ဘာ့အပေါ်ယံလွှာကို ထိုးဖောက်ဝင်ရောက်လာတဲ့ ထောင်လိုက်အနေအထားရှိတဲ့ မီးသင့်ကျောက်စိုင်တွေ ဖြစ်ပါတယ်။ ကင်ဗာလိုက်ဆိုတာ ရှားပါးပြီး မဂ္ဂနီဆီယမ်နဲ့ သံကြွယ်ဝတဲ့ မေးဖစ်လွန် မီးတောင်ကျောက် (ultramafic volcanic rock) တစ်မျိုး ဖြစ်ပါတယ်။
ကင်ဗာလိုက်ဖွဲ့စည်းပုံရှိတဲ့ မီးတောင်တွေ ပြင်းထန်စွာ ပေါက်ကွဲတဲ့အခါ ဖိအားနည်းရာ အပေါ်ဖက်ဆီကို စိန်တွေပါ သယ်လာပါတယ်။ စိတ်အလို မပြည့်နိူင်တာက ကင်ဗာလိုက်ပြွန်တိုင်း စိန်တွေ မပါ။ ပါခဲ့ရင်တောင် မဖြစ်စလောက်။ စိန်ပါနိူင်ဖို့ ပါတဲ့စိန်ကို တွေ့နိူင်ဖို့ဆိုတာက တကယ်တမ်းအားဖြင့် ကင်ဗာလိုက်တွေ ကမ္ဘာ့မျက်နှာပြင်ဆီသို့ အတက်ခရီးမှာ ကြားလွှအတွင်း စိန်ရှိတဲ့နေရာကို သူဖြတ်သန်းခဲ့သလားဆိုတဲ့အချက်ပေါ် မူတည်လေရဲ့။
နိဂုံး
ဟင်နရီ ကစ်ဆင်ဂျာရဲ့ နာမည်ကျော် အဆိုအမိန့်တစ်ခုက —
စိန်ဆိုတာ ဖိအားဒဏ်ကို ကောင်းကောင်း ခံနိူင်တဲ့ ကျောက်မီးသွေးတုံးလေး တစ်တုံးပါ (A diamond is a chunk of coal that did well under pressure)
ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေ ဖိအားတွေနဲ့ ကြုံတွေ့လာရတဲ့အခါမျိုးမှာ ကြံ့ကြံ့ခံ ရင်ဆိုင်နိူင်ဖို့ တွန်းအားပေးတဲ့သဘောနဲ့ တင်စားပြီး ပြောတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ ဘူမိဗေဒရှုထောင့်ကနေ သိပ္ပံနည်းကျ ကြည့်ရင်တော့ ဒီတင်စားချက်က လုံးဝလွဲမှားနေပါတယ်။
စိန်နဲ့ ကျောက်မီးသွေးဟာ ကာဗွန်ဒြပ်စင်နဲ့ ဖွဲ့စည်းထားတာခြင်းတူပေမဲ့ ဘူမိဗေဒသဘောအရ ဖြစ်ပေါ်ကြတဲ့နေရာတွေ မတူသလို ဖြစ်ပေါ်ကြတဲ့ အခြေအနေတွေကလည်း လုံးဝ ကွဲပြားပါတယ်။ စိန်က ကမ္ဘာ့ကြားလွှာကလာပြီး အပူချိန်နဲ့ ဖိအား အလွန်မြင့်တဲ့ အခြေအနေမျိုးမှာ ဖြစ်ပေါ်ပါတယ်။ ကျောက်မီးသွေးကကျ ကမ္ဘာ့အပေါ်ယံအနီး သစ်ပင်ခြုံနွယ်တွေ ပေါက်ရောက်နေတဲ့ ရွှံ့တောဗွက်တောတွေမှာ အပင်တွေ လဲကျဆွေးမြည့်ပြီး အပေါ်ကအနယ်တွေရဲ့ ဖုံးလွှမ်းဖိသိပ်ခြင်းခံရပြီး ဖြစ်ပေါ်လာပါတယ်။
Source: https://www.geologyin.com/2024/03/do-diamonds-really-come-from-coal.html
https://www.sciencenews.org/article/earth-rarest-diamonds-form-primordial-carbon-mantle
Related Posts:
စိန်ရောင်စုံ
https://www.facebook.com/share/p/1MGNNr1kDW/
စိန်နဲ့ မွိုင်ဆန်နိုက်
https://www.facebook.com/share/p/1EBQwGUKaC/
စိန်များ ဖြစ်ပေါ်တွေ့ရှိရပုံ
https://www.facebook.com/share/p/1Bpum6Uw4r/
ပြောင်ခေါင်းစိမ်း
https://www.facebook.com/share/p/1DcXdTb74v/