19/05/2026
အာဟာရဓာတ်ပါဝင်မှုအလိုက် အော်ဂဲနစ်မြေဩဇာအရင်းအမြစ်များကို ရွေးချယ်အသုံးပြုခြင်း
ဒေါက်တာဝဏ္ဏထွန်း
-----------------------------------------------
ဓာတ်မြေဩဇာတွေကို လျှော့သုံးပါ၊ သဘာဝမြေဆွေး၊ အော်ဂဲနစ်မြေဩဇာတွေ များများသုံးပါလို့ တိုက်တွန်းတိုင်း၊ သီးနှံအထွက်နှုန်းတွေ ကျကုန်ရင် ဘယ်လိုလုပ်မလဲ၊ စိုက်ပျိုးရေး လုပ်နေတာ ပရဟိတလုပ်နေတာမဟုတ်ဘူးလို့ အချို့က ပြန်ပြောလေ့ ရှိပါတယ်။
ဒါကို လျှော့သုံးပါ၊ ဒါမှမဟုတ် မသုံးရဘူးလို့ ကန့်ကွတ်မယ်ဆိုရင် မသုံးရတဲ့ အကြောင်းရင်းကို သေချာရှင်းပြရမယ်။
ထို့အတူ အစားထိုးသုံးရမယ့်ပစ္စည်းတွေကို လမ်းညွှန်ပေးနိုင်မှ မိမိပေးချင်သော သတင်းစကားကို တောင်သူက လိုက်နာမှာဖြစ်ပါတယ်။
ဒီခေတ်ကြီးမှာ ဓာတ်မြေဩဇာအမျိုးမျိုးကို ပါဝင်ပစ္စည်းအမျိုးမျိုး၊ အချိုးအဖုံဖုံ၊ ပုံစံအသွယ်သွယ်နဲ့ ရရှိနိုင်ပါတယ်။
နိုက်ထရိုဂျင်လိုချင်သလား၊ ပိုတက်ထည့်ချင်သလား၊ ဆာလဖာ ပါတာယူမှာလား၊ ပေါင်းသေစေတဲ့ ဓာတ်မြေဩဇာတောင် ရှိသေးသဗျာ။
အိမ်လုပ်အော်ဂဲနစ်မြေဩဇာတွေမှာတော့ အာဟာရပါဝင်နှုန်းကို တသမတ်တည်း အတိအကျပြောနိုင်တာ နည်းပါတယ်။
ဘယ်အာဟာရပါပါသလဲ၊ ဘာလို့သုံးတာလဲလို့ မေးရင်၊ “”အင်း... အာဟာရတွေပါတာပေါ့၊ အဏုဇီဝပိုးတွေလည်းပါတယ်လေ.... အမြုပ်တွေထနေတယ်လေ၊ မှိုမျှင်တွေ တွေ့တယ်မဟုတ်လား၊ ဘတ်တီးရီးယားတွေ အပေါ်မှာဝေ့နေတယ်ဟေး၊ သုံးကြည့်တာတော့ ကောင်းတယ်””..... အဲလို့ပဲ ပြောကြရတာပါပဲ။
အော်ဂဲနစ်မြေဩဇာလို့ဆိုတိုင်း နတ်ဩဇာမဟုတ်သလို၊ (၉၆) ပါးဆေးလည်း မဟုတ်တာတော့ လက်ခံရပါလိမ့်မယ်။ ပုံပြင်ဆန်တာတွေ၊ လက်တွေ့မကျတာတွေ ကိုလည်း စမ်းသပ်ပြီးမှ ယုံကြည်သင့်ပါတယ်။
နိုက်ထရိုဂျင်ပါတဲ့သဘာဝမြေဩဇာတွေကတော့ အများသားဆိုပေမယ့်၊ အပင်က ပိုတက်ဆီယမ်ကို လိုချင်တဲ့အချိန်၊ ဖော့စဖောရပ်ကို ထည့်ပေးရမယ့်အချိန်ရောက်ရင် တော့ အလွယ်တကူရှာဖွေဖို့ ခက်ခဲလှပါတယ်။
ထို့ကြောင့် အော်ဂဲနစ်သွင်းအားစုများကို စတင်အသုံးပြုသူများအတွက် အော်ဂဲနစ်အရင်းအမြစ်များရဲ့ အာဟာရပါဝင်မှုများကို ဝေမျှပေးချင်မိပါတယ်။
(က) #နိုက်ထရိုဂျင်အရင်းအမြစ်
၁။ ကြက်ချေး (N ၃-၅ %)(အပင်မလောင်ရန် မြေဆွေးပြုလုပ်ပြီးမှ သုံးရန်)
၂။ နွားချေး (N ၁-၂ %) (N နည်းသော်လည်း မြေသားတည်ဆောက်ပုံကောင်းမွန်စေသည်)
၃။ ဆိတ်ချေး (N ၂-၃ %) (အာဟာရမျှတ ကြွယ်ဝသည်)
၄။ တိရစ္ဆာန်သွေးများ (N ၁၂- ၁5%) (အာဟာရကြွယ်ဝသည်၊ အရွက်များဖွံ့ဖြိုးရန် အကောင်းဆုံးဖြစ်သည်)
၅။ ငါးမှုန့် (N ၅-၁၀ %) (N နှင့်အတူ၊ ဖော့စဖောရပ်နှင့် အနည်းလိုအာဟာရဓာတ်များပါ ပါဝင်သည်)
၆။ ကြက်ငှက်မွှေးအမှုန့်များ (N ၁၂- ၁5 %) (N အာဟာရ ဖြည်းဖြည်းချင်း ထွက်သည်)
၇။ ပဲဖက် (N ၆-၇ %) (N အာဟာရ ကြွယ်ဝသည်)
၈။ စိုက်ခင်းထွက်အမှိုက်မြေဆွေး (N ၁-၂ %) (N အာဟာရ ဖြည်းဖြည်းချင်း ထွက်၍ မြေဆီလွှာ၏ ဇီဝဂုဏ်သတ္တိကို တက်စေသည်)
၉။ N ကို ဖမ်းပေးနိုင်သည့် အပင်များ (မြေပဲ၊ ပဲလွမ်း၊ Alfalfa ၊ Clover ၊ ပဲစင်းငုံ၊ ပဲပန်း)
(ခ) #ဖော့စဖောရပ် အရင်းအမြစ်
၁။ အရိုးမှုန့် (P ၁၅-၂၅ %) (P အာဟာရ ဖြည်းဖြည်းချင်း ထွက်သည်၊ အမြစ်နှင့် ပန်းပွင့်ဖွံ့ဖြိုးရန် အကောင်းဆုံးဖြစ်သည်)
၂။ ငါးအရိုးမှုန့် (P ၄-၆ %) (N နှင့် ထုံးဓာတ်ကိုပါ ပံ့ပိုးပေးသည်)
၃။ သဘာဝဖော့စဖိတ်ကျောက်ရင့် (P ၂၀-၃၀ %) (ပြိုကွဲရန် အဏုဇီဝများ၏ အကူအညီလိုအပ်သည်)
၄။ သဘာဝဖော့စဖိတ်ကျောက်နု (P ၈-၁၅ %) (P ပြိုကွဲရန် ပိုလွယ်ကူသည်၊ မြေဆွေးများဖြင့်အတူ ထည့်ပေးခြင်းဖြင့် ပြိုကွဲလွယ်သည်။ ထုံးဓာတ်ပါဝင်သည်)
၅။ ကြက်ချေး (P ၁.၅ - ၃ %)
၆။ နွားချေး (P ၀.၅-၁.၅ %)
၇။ တချို့အပင်များသည် မြေဆီလွှာအတွင်းမှ ဖော့စဖောရပ်ကိုစုပ်ယူ၍ ၎င်းတို့ဆွေးမြည့် ချိန်တွင် ဖော့စဖောရပ်ကိုပြန်လည် ထောက်ပံ့ပေးနိုင်သည်။ သို့သော် ပိုတက်ဆီယမ်နှင့် နှိုင်းယှဥ်ပါက ပါဝင်မှု ပမာဏနည်းပါးပါသည်။
- Alfalfa, Clover ကဲ့သို့ ပဲပင်များ၊ အာပူရွက်မျိုးတူ Nettle ပင်
- ပဲပုတ်ပင်၊ မြေပဲ၊ ပဲစင်းငုံ အပင်ရိုးများ၊ ပဲမှော်များ
- ပဲပုတ်စေ့၊ ဝါစေ့နှင့် ပန်းမုန်ညင်းစေ့ ဆီကြိတ်ဖတ်များ
- နေကြာရိုးများ၊ ဆေးရွက်ကြီးရိုးများ၊ ဟင်းနုနယ်ပင်များ၊ ခင်းဝါ (Quinoa)စေ့ပင်၊ ပေါက်ပန်းဖြူ၊ ပဲချယ်ရီ (သင်္ဘောငုစပ်- Gliricidia sepium) တို့၏ အရွက်နှင့် ပင်စည်များ
(ဂ) #ပိုတက်ဆီယမ် အရင်းအမြစ်
၁။ အပင်မှရရှိသည့် ပြာများ (K ၄-၁၀ %) (K ကို အမြန်ပံ့ပိုးပေးနိုင်သော်လည်း၊ မြေဆီလွှာ pH ကို တက်စေ/ငန်စေနိုင်သည်)
၂။ ရေညှိဖြင့်ပြုလုပ်သည့်မြေဩဇာ (K ၂-၅ %) (အပင်ဟော်မုန်းများနှင့် အနည်းလိုအာဟာရများကိုပါ ပေးနိုင်သည်)
၃။ Greensand (K 5-7 %) (အစိမ်းရောင် Glauconite ရေအောက်ကျောက်မှ ရရှိသည့် ကျောက်မှုန့်မြေဩဇာ၊ မြေကြီးအတွင်းသို့ တိုက်ရိုက်ထည့်သွင်းနိုင်သည်)
၄။ ငှက်ပျောခွံခြောက် (K ၈-၁၂ %) (K ကြွယ်ဝပြီး၊ အမှုန့်/မြေဆွေးအဖြစ် ထည့်သွင်းနိုင်သည်)
၅။ အသီးနှင့်ဟင်းသီးဟင်းရွက်မြေဆွေးပုံ (K ၁-၂ %)
၆။ Sulfate of Potash-Magnesia (Sul Po Mag) (K 22-30 % ဆာလဖာ ၂၂ % နှင့် မဂ္ဂနီဆီယမ် ၁၀.၈ %ပါဝင်သည်) (သဘာဝ တွင်းထွက်သတ္တု Langbeinite မှ ထုတ်ယူထားခြင်းဖြစ်သည်)
၇။ တင်လဲရည်
၈။ တချို့အပင်များသည် မြေဆီလွှာအတွင်းမှ ပိုတက်ဆီယမ်ကိုစုပ်ယူ၍ ၎င်းတို့ဆွေးမြည့် ချိန်တွင် ပြန်လည် ထောက်ပံ့ပေးနိုင်သည်။
- ငှက်ပျောအူ၊ Comfrey အပင်
- ရေညှိ ရေမှော်များ
- နေကြာပင်ရိုးနှင့် အရွက်များ
- စိုက်ခင်းမှ ကြံရိုးအလေအလွင့်များ၊ ကြံကြိတ်ဖက်များ (ဇီဝမီးသွေးအဖြစ်ပြုလုပ်၍ ထည့်သွင်းလျှင် ပိုထိရောက်သည်)
- ပြောင်းရိုး
- နှံစားပြောင်းရိုး
- ဆေးရွက်ကြီးရိုး
- ဟင်းနုနယ်ရိုး
#သွင်းအားစုများကို အော်ဂဲနစ်မြေဩဇာများအဖြစ်အသုံးပြုခြင်းနည်းလမ်းများ
------------------------------------------
က။ ပေါင်းစပ်အသုံးပြုခြင်း - အာဟာရဖြည်းညင်းစွာထွက်သည့် (Rock phosphate, Greensand) များကို အာဟာရမြင့်မား၍ အာနိသင်မြန်ဆန်သည့် မြေဆွေးအရည်များ၊ တီဆေးရည်၊ ငါးအမိုင်နို၊ ငါးမှုန့်၊ သွေးမှုန့်မြေဩဇာများဖြင့် အတူအသုံးပြုသင့်သည်။
ခ။ ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ်များကို အဏုဇီဝများ၏ အကူအညီဖြင့်သာ အပင်များမှ ရရှိနိုင်သောကြောင့် အဏုဇီဝပိုးများ၊ ဇီဝမြေဆွေးများထည့်ပေးခြင်း၊ စိုက်ဘောင်နှင့် အပင်ခြေ၌ အုပ်ဆိုင်းပေးခြင်း၊ ရေကိုဂရုတစိုက်သွင်းပေးခြင်းများကို ဆောင်ရွက်၍ အဏုဇီဝများကို ပွားများစေရမည်။ ဥပမာ- ဖော့စဖောရပ်ကို ပျော်ဝင်စေသည့် Bacillus သို့မဟုတ် Aspergillus အဏုဇီဝများ၏ အကူအညီဖြင့် အပင်မှ ပိုမိုစုပ်ယူနိုင်မည်ဖြစ်သည်။
ဂ။ နိုက်ထရိုဂျင်ကိုဖမ်းပေးနိုင်သည့် ပဲပင်များ၊ မြေနက်နက်မှ ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ်များကို ဆွဲယူနိုင်သည့် အမြစ်နက်သည့်အပင်များကို မြေဖုံးပင်များအဖြစ် စိုက်ပျိုးပေးရမည်။
ဃ။ အပင်ထွက်ပစ္စည်းများမှ အာဟာရများကို အသုံးပြုရာ၌-----
- သစ်စိမ်းမြေဩဇာအဖြစ် (အပင်အစိမ်းအတိုင်း) ထည့်သွင်းပေးခြင်း
- ခုတ်ဖြတ်၍ အပင်ခြေ၌ အုပ်ဆိုင်းပေးခြင်း
- အရည်ကြိတ်၍ အပင်နှင့်မြေဆီလွှာအတွင်းသို့ ဖျန်းပေးခြင်း
- အရွက်နှင့် အပင်အတွင်းမှ အာဟာရများထွက်လာစေရန် ဆောင်ရွက်၍ အသုံးပြုခြင်း (ဥပမာ- ပြုတ်ခြင်း၊ ရေစိမ်ခြင်း၊ အချဥ်ဖောက်ခြင်း၊ ပေါင်းခံခြင်း)
- အခြောက်ခံ/အမှုန့်ပြုလုပ်၍ ထည့်သွင်းခြင်း
- မြေဆွေးပုံပြုလုပ်၍ အသုံးပြုခြင်း
- ဇီဝမီးသွေး (Biochar) ပြုလုပ်၍ အသုံးပြုခြင်း
- ပြာချ၍အသုံးပြုခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။
---------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။