24/03/2026
အုတ်စီတော့မယ်ဆို ဘာတွေဂရုစိုက်သင့်လဲ ❓
အဆောက်အဦးတစ်ခုမှာ အုတ်စီခြင်း လုပ်ငန်းဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အုတ်စီတဲ့ လက်ရာပေါ်မူတည်ပြီးအဆောက်အဦးရဲ့ သပ်ရပ်လှပ မှုဟာလည်းအများကြီး ပြောင်းလဲသွားနိုင်ပါတယ်
🧱အုတ်စီတော့မယ်ဆို
(1) သန့်ရှင်းမှု✅
အုတ်မစီခင် အုတ်စီမယ့် ကြမ်းခင်းနေရာသန့်ရှင်းမှုရှိဖို့ လိုအပ်ပါတယ်။ အုတ်စီမယ့် နေရာမှာရေညှိတွေ ကပ်နေတာမျိုး၊ မဆလာဂျိုးတွေ ရှိနေတာမျိုး ဖုန်တွေထူနေတာမျိုး ဖြစ်လို့မရပါဘူး။
အုတ်စီမယ့် နေရာတစ်လျောက် သန့်ရှင်းရေး လုပ်ပြီးသွားပြီဆိုရင် စီမယ့်နေရာကို ရေအနည်းငယ်လောင်းပြီးတော့ ဘိလပ်မြေမှုန့် အနည်းငယ် ဖြူးပြီး အုတ်စစီနိုင်ပါပြီ။
(2) Vertical & Horizontal ဖြောင့်တန်းမှု✅
အုတ်စီ လက်ရာကောင်းတစ်ခုဆိုတာ ဘယ်လောက်ရှည်လျားပြီး ကြီးမားတဲ့ ဧရိယာ ဖြစ်နေပါစေဖြောင့်တန်း တည့်မတ်နေမှု ရှိဖို့ အရေးကြီးပါတယ်။တစ်ဆက်တည်းသွားတဲ့ ခန်းပွင့်တွေ စီတဲ့အခါအုတ်မစီခင် ကိုယ်စီမယ့် ခန်းပွင့်တစ်လျှောက်လုံးရဲ့ အစကနေ အဆုံးထိ ကြိုးအရင်ဆွဲရပါမယ်။
ကြိုးဆွဲ ပြီးတဲ့အခါ ကြားထဲမှာရှိတဲ့ column တိုင်တွေရဲ့ အဝင်အထွက်ကိုကြည့်ပြီး ဘယ်လိုယူစီရင်
အဖြောင့်တန်းဆုံးနဲ့ plaster ချောတဲ့အခါ ဘိလပ်မြေ အသက်သာဆုံး ဖြစ်မလဲဆိုတာစဥ်းစားဆုံးဖြတ်ပြီးတော့ စီရမှာ ဖြစ်ပါတယ်။အုတ်မစီခင် ကိုယ်စီမယ့် ခန်းပွင့်ရဲ့ အပေါ် beam
ကိုလည်း ကြည့်ရပါမယ်။ beam အဝင်အထွက်ကိုကြည့်ပြီး plaster ချောတဲ့အခါ ဖြစ်လာမယ့် အခြေအနေနဲ့ ကိုယ်စီမယ့် ခန်းပွင့်မှာ မျက်နှာကျက်ပါလား မပါလားဆိုတာပေါ် မူတည်ပြီးလည်းအုတ်စီမယ့် လိုင်းကို ချင့်ချိန်လို့ ရပါတယ်။
(3) အုတ်စီအလွှာ သတ်မှတ်ခြင်း✅
ကြိုးဆွဲပြီး အုတ်စီလိုင်း သတ်မှတ်ပြီးတဲ့အခါကိုယ်စီမယ့် နံရံအမြင့်ပေါ်မူတည်ပြီး
အုတ် ဘယ်နှစ်လွှာ စီရမလဲဆိုတာ သတ်မှတ်ရပါမယ်။ အုတ်အလွှာ သတ်မှတ်တဲ့အခါ အုတ်ရဲ့ size နဲ့အထူပေါ်မူတည်ပြီး မဆလာထု ဘယ်လောက်ထားရမလဲဆိုတာ ဆုံးဖြတ်ရပါမယ်။
များသောအားဖြင့် အုတ်စီမဆလာ နှာရိုးကို၃မူးထက် မနည်း ငါးမူထက် မများပဲ ထားတာအဆင်ပြေပါတယ်။ မလိုအပ်ပဲ နှာရိုးတွေ ထူတဲ့အခါ ဘိလပ်မြေကုန်ပြီး ကုန်ကျစားရိတ်များသလို
နှာရိုးပါးရင်လည်း တောင့်တင်းမှု နည်းတတ်ပါတယ်။
(4) အုတ်စီး အုတ်နင်း မှန်ကန်မှု✅
အုတ်စီတဲ့အခါ အုတ်စီးအုတ်နင်း မှန်ကန်မှုရှိဖို့အရေးကြီးပါတယ်။ အုတ်စီးအုတ်နင်း မမှန်ကန်ရင် အုတ်နံရံတစ်ခုက တောင့်တင်းမှု မရှိနိုင်ပါဘူး။အချိန်ကြာတဲ့အခါ အက်ကွဲကြောင်းတွေ
ဖြစ်ပေါ်လာနိုင်ပါတယ်။အုတ်စီတဲ့အခါမှာလည်း အုတ်တစ်လွှာ စီပြီးတိုင်း နှာသပ်ပြီး စီဖို့ အရေးကြီးပါတယ်။နှာသပ်စီတယ်ဆိုတာ အုတ်တစ်လွှာစီပြီး နောက်တစ်လွှာစီဖို့ မဆာလာခင်းတဲ့အခါ မဆလာကို ဘေးနှစ်ဖက် ဇောင်းသိမ်းဖို့ ပြောတာပါ။
နှာသပ်စီတဲ့ အကြောင်းရင်းက အုတ်ရိုးမှာ မဆလာတွေ တိုးလို့တွဲလောင်း စီးကျမနေပဲ သူ့နှာလိုင်းနဲ့သူ သပ်ရပ်မှုရှိနေစေဖို့ပါ။
အုတ်နံရံတွေဟာ plaster ချောလိုက်ရင် မညီညာတာတွေ အကုန်ပျောက်သွားတယ် ဆိုပေမယ့် plaster မချောခင် လာကြည့်တဲ့လူတိုင်းကအုတ်ရိုး သပ်သပ်ရပ်ရပ် ဖြစ်နေတာမြင်ဖို့ အရေးကြီးပါတယ်။
(5) ချိန် မျဥ်း တိကျ မှန်ကန်မှု✅
ဒါကတော့ အပေါ်က နံပါတ် (2) အချက်ကိုထပ်ဆောင်းပြောတာပါ။ အုတ်ရိုးတစ်ခုဟာချိန်ရော မျဥ်းရော တိကျ ဖြောင့်တန်ဖို့ လိုအပ်ပါတယ်။ အုတ်တစ်လုံးနဲ့ တစ်လုံး အဝင်အထွက် ဖြစ်နေလို့မရပါဘူး။ အပေါ်နဲ့အောက် ချိန်မမှန်လို့ မရပါဘူး။
အုတ်စီထားတာ သပ်ရပ်မှုပေါ်မူတည်ပြီးplaster ချောတဲ့အခါ ကုန်ကျစားရိတ် အနည်းအများ ကွာခြားသွားနိုင်ပါတယ်။
⚠️ အုတ်စီတဲ့အခါ သတိပြုစရာများ📌
(1)📌 အုတ်မစီခင် Drawing Design ကို သေချာကြည့်သင့်ပါတယ်။ ပြတင်းပေါက်ထားမယ့်နေရာတွေ ရေချိုးခန်း joint ပြရမယ့် နေရာတွေ space ချန်ထားရမယ့် နေရာတွေ စသဖြင့်
သေချာဂရုစိုက်ပြီး ကြည့်သင့်ပါတယ်။ အုတ်စီပြီးသွားမှ ပြန်ဖျက်ရတဲ့ အလုပ်ဟာ တကယ် မလွယ်ကူပါဘူး။
(2) 📌အုတ်မစီခင် အုတ်ကို အနည်းငယ် ရေလောင်းပါ။
ရေလောင်းပါဆိုတာ အုတ်ကို ရေဝနေအောင် လောင်းဖို့ မဟုတ်ပါဘူး။စီမယ့် အုတ်က ရေအရမ်းဝနေတဲ့ အခါ မဆလာတွေ စီးကျပြီး အုတ်ရိုး မသပ်မရပ် ဖြစ်စေသလို အုတ်က ခြောက်ကပ်နေရင်လည်း ဘိလပ်မြေကရေကို အုတ်က စုပ်ယူတဲ့အတွက် တောင့်တင်းမှု အားနည်းစေပါတယ်။
ဒါကြောင့် ရာသီဥတုနဲ့ လုပ်ငန်းခွင်ပေါ် မူတည်ပြီးကိုယ်စီမယ့် အုတ်ကို လိုအပ်သလို လုပ်သင့်ပါတယ်။
ဥပမာ မိုးတွေ အရမ်းရွာနေတဲ့အခါ ရေဝမှာစိုးလို့ အုတ်ပုံကို တာပေါ်လင် အုပ်ပေးတာမျိုးနေပူကြီးထဲ အုတ်စီတဲ့အခါ အုတ်ကို ရေလောင်းပေးတာမျိုးတို့ပါ။
(3) 📌အုတ်စီပြီး နောက်ရက်ရောက်တဲ့အခါစီထားတဲ့ အုတ်နံရံကို ရေလောင်းပေး သင့်ပါတယ်။ဒါမှ ဘိလပ်မြေက ပိုပြီးတော့ တောင့်တင်းခိုင်မာမှာ ဖြစ်ပါတယ်။