22/03/2024
(ရာထူး နှင့် ခေါင်းဆောင်)
ဝန်ထမ်းလောကမှာ ခေါင်းဆောင်နိုင်မှုကို ရာထူးနဲ့ တိုင်းတာပြီး စကားပြောတတ်ကြပါတယ်။ တစ်ကယ်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းက ရာထူးနဲ့ မဆိုင်ပါဘူး။
ခေါင်းဆောင်မှု ဆိုတာ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ တည်မြဲပါတယ်။ ရာထူးဆိုတာ နေရာတစ်ခု။ မတည်မြဲပါဘူး။ ခိုင်မာမှု လည်းမရှိပါဘူး။ လေးစားခံရမှုလည်း မမြဲကြပါဘူး။
လက်ရှိဌာန၊ အဖွဲ့အစည်းတွေကို လေ့လာကြည့်ပါ။ ရာထူးရှိတိုင်း ခေါင်းဆောင်မှုမကောင်းကြပါဘူး။ ခေါင်းဆောင်မှုကောင်းတိုင်းလည်း ရာထူးမရှိကြပြန်ဘူး။ ဘာလို့လည်းဆိုတော့ တစ်ချို့ရာထူးတွေက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရွေးချယ်ထားတဲ့ ရာထူးတွေ မဟုတ်လို့ပါပဲ။
ဒါကြောင့် ရာထူးအရ ခိုင်းတတ်ရုံနဲ့ ခေါင်းဆောင်ကောင်း မဖြစ်ပါဘူး။ လက်တွဲခေါ်တတ်မှ ခေါင်းဆောင်ပီသတာပါ။ တစ်ဝေမသိမ်း တင်းကြပ်ပြနိုင်တာ ထက် ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မှုကသာ စီမံခန့်ခွဲမှု ပညာပါ။ ရာထူးကြီးပြီး ခေါင်းရှောင်တတ်သူတွေလည်း တစ်ပုံချည်းပါပဲ။ ခေါင်းရှောင်သူတွေများလာရင် ကျောင်း၊ ရုံး၊ ဌာနတွေမှာ ရှိကြတဲ့ ဝန်ထမ်းတွေဟာ စိတ်ဖိစီးမှုဒဏ်ကို အတော်လေး ခံစားနေကြရမှာ မလွဲပါဘူး။ လုပ်ငန်းခွင်မှာလည်း ပျော်ရွှင်မှုပျောက် စိတ်ဒုက္ခလည်း ရောက်ကြရမှာပါ။
ခေါင်းဆောင်တစ်ယောက်ဟာ ဦးဆောင်ရတဲ့အခါ "လွှမ်းမိုးနိုင်မှုအား" လိုပါတယ်။
လွှမ်းမိုးနိုင်မှုအား လို့ ဆိုတဲ့နေရာမှာ ရာထူး(Positon) နဲ့ အာဏာ(Power) ကို ပြောတာမဟုတ်ပါဘူး။ ဩဇာလွှမ်းမိုးမှု(Influence) ကို ပြောတာပါ။ ဒီအတွက် ခေါင်းဆောင်တစ်ယောက်ဟာ ရက်ရောတတ်မှု၊ စွန့်လွှတ်လုပ်ကိုင်တတ်မှု၊ မခွဲခြားတတ်မှု စတဲ့ စိတ်ထား(၃)မျိုး ရှိဖို့လိုပါတယ်။ ဒါမှ ယုံကြည်ကိုးစားထိုက်သူအဖြစ် လွှမ်းမိုးနိုင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်မှာပါ။
တာဝန်တစ်ခုကို စီမံခန့်ခွဲရတဲ့ အခါမှာလည်း ညှိနှိုင်းဆောင်ရွက်နိုင်မှုအား လိုပါသေးတယ်။ နေရာတကာ Up to Down ချည်း သွားလို့မရပါဘူး။ အပေါ်က မြင်တဲ့ရှုထောင့်နဲ့ အောက်ကမြင်တဲ့ရှုထောင့်ဟာ များစွာကွဲပြားပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတာ အာဏာရှင် စရိုက်ပါ။ ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။ ဒီမိုကရေစီကျတဲ့ တာဝန်ယူမှု/တာဝန်ခံမှုဆိုတာ အောက်ခြေက လိုအပ်ချက်နဲ့ အထက်က လုပ်ပေးနိုင်မှုကို ညှိနှိုင်းဆောင်ရွက်ခြင်းပါပဲ။
ရာထူးအရ ဦးဆောင်သူတွေဟာ ကိုယ့်အောက်ဝန်ထမ်းတွေကို "ခိုင်းရမယ် ဆိုတဲ့အတွေးပဲ ခေါင်းထဲရှိပါတယ်။ အလုပ်ပြီးမြောက်ဖို့ပဲ ဖိအားပေးတတ်ကြပါတယ်။ ကိုယ့်ရာထူးကို ဆိုင်းပုဒ်ထောင်ပြီး အောက်လူတွေရဲ့ ခံစားချက်တွေကိုပါ ထိန်းချုပ်ဖို့ကြိုးစားကြပါတယ်။
အတွေးအခေါ်ကောင်းတဲ့ ခေါင်းဆောင်တွေကတော့ သွားလိုတဲ့ လမ်းကြောင်းပေါ်ကို ကိုယ်နှင့်အတူ လက်တွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိပါတယ်။ တစ်ယောက်ချင်းစီရဲ့ ထူးချွန်မှုကို အကဲခတ်တယ်။ ပြီးရင် လူ နဲ့ မူ တစ်သားတည်းကျအောင် သူ့နေရာနဲ့သူ နေရာတကျ၊ စီမံခန့်ခွဲနိုင်တယ်။ တာဝန်ယူရတဲ့ လုပ်ငန်းတစ်ခုလုံးအပေါ်မှာလည်း ကောင်းကျိုးကို အတူစံတတ်သလို၊ ဆိုးကျိုးကိုလည်း အတူခံတတ်ကြပါတယ်။
ရာထူးသာရှိပြီး အရည်အချင်းမရှိသူတွေနဲ့ လက်တွဲလုပ်ရသူတွေဟာ လွဲချော်မှုရှိတိုင်း ဆူငေါက်, အော်ဟစ် အပြစ်ဒဏ်တွေသာ ခံကြရတယ်။
ရာထူးကြီးရုံနဲ့ မေတ္တတရားမှာလည်း မကြီးမားနိုင်ကြပြန်ပါဘူး။ တာဝန်ယူစိတ်လည်း ရှိချင်မှ ရှိတာပါ။ ရာထူးကြီးပြီး ခေါင်းဆောင်မှုမကောင်းသူတွေဟာ "တော်"တဲ့သူကိုပဲ ရှာပါတယ်။ "ထက်" တဲ့သူကိုပဲ လက်တွဲပါတယ်။
စီမံခန့်ခွဲမှုကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်အောင်ကြိုးစားတယ်။ စံပြအနေနဲ့လည်း ရှေ့က ဦးဆောင်တယ်။ လက်အောက်ဝန်ထမ်းတွေကိုလည်း သွန်သင်, လမ်းပြပါတယ်။ ကိုယ့်အောက်က လူတွေရဲ့ ခက်ခဲမှု၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးကိုလည်း ထည့်သွင်းစဉ်းစားတတ်တယ်။ ခွင့်လွတ်နားလည်ပေးတဲ့အပြင် ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကိုပါ ဖန်တီးတည်ဆောက်ပေးနိုင်စွမ်းရှိကြပါတယ်။
လူတစ်ယောက်ရဲ့ ခေါင်းဆောင်နိုင်မှုကို ရာထူးနဲ့ မဆုံးဖြတ်မိကြပါစေနဲ့။ ရာထူးဆိုတာ အသိအမှတ်ပြုခံရမှု တစ်ခုထက်မပိုပါဘူး။ စံပြနာမူနာယူထိုက်သူကလည်း ရာထူးကြီးသူတွေထံ ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် ခေါင်းဆောင်ကောင်းတိုင်းမှာတော့ ရှိကြပါတယ်။
ရာထူးရှိပြီး ခေါင်းဆောင်ကောင်းစိတ်ရှိသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အလွန့်အလွန်ကို ရှားပါတယ်။ ဝန်ထမ်းအားလုံးကလည်း ရာထူးအရ အာဏာလွှမ်းမိုးမှုကို ခံချင်ကြမှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းစိတ် ရှိသူတွေရဲ့ ဩဇာလွှမ်းမိုးမှုကိုပဲ ခံယူချင်ကြသူတွေပါပဲ။
ဒါကြောင့် "ဘာရာထူး" ဆိုတာထက်
"ဘယ်လောက်လေးစားစရာကောင်းတဲ့ ခေါင်ဆောင်လဲ" ဆိုတာက ပိုပြီးတန်ဖိုးရှိပါတယ်။အရှိတရား၊ အသိတရား၊ သတိတရား နဲ့ ဆင်ခြင်သုံးသပ်နိုင်ကြပါစေ........။
အားလုံးကို လေးစားစွာဖြင့်.........
Copy
Credit #