16/03/2026
* Concrete လောင်းရာမှာ Free Fall အမြင့် ကန့်သတ်ချက်က မဖြစ်မနေလိုအပ်ပါသလား ??
ကွန်ကရိတိုင်တွေလောင်းတဲ့အခါ Free Fall မဖြစ်ရအောင် တိုင်တွေကို ခါးကဖောက်လောင်းကြတာတွေ့ဖူးသလို ပိုက်ပျော့ သုံးပြီးလောင်းကြတာလည်း တွေ့ဖူးကြမှာပါ။ ပုံကတော့ စင်ကာပူက site တစ်ခုမှာ ပိုက်ပျော့ သုံးပြီးလောင်းနေပုံ(ကိုယ်တိုင်ရိုက်) ဖြစ်ပါတယ်။
📌 Free Fall ကို အများဆုံး ဘယ်လောက်သတ်မှတ်ကြပါသလဲ။
📌 သတ်မှတ်ချက်ကျော်သွားရင် ဘယ်လို ဆိုးကျိုးတွေရှိပါသလဲ။
📌တကယ်ရော သတ်မှတ်ဖို့ လိုအပ်ပါသလား။
ဆိုတာ တွေကို US, Japan, Singapore Standard & Specifications တွေနဲ့ Research paper တွေကို ကိုးကားပြီး အင်ဂျင်နီယာ မိတ်ဆွေတို့ကို မျှဝေပေးလိုက်ပါတယ်။
📍ကွန်ကရိကို အမြင့်ကနေ လောင်းချရင် တကယ်ပဲ အရည်အသွေး ကျသလား?
ကွန်ကရိလောင်းတဲ့အခါ အမြင့်ကနေ လောင်းချရင် Segregation (ကျောက်နဲ့ အင်္ဂတေ သီးခြားစီ ကွဲထွက်ခြင်း) ဖြစ်တတ်ပါတယ်၊ ခိုင်ခံ့မှု လျော့နည်းသွားနိုင်တယ်လို့ ကျွန်တော်တို့ အစဉ်အလာအရ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကွန်ကရိကို အမြင့် ၄ ပေ သို့မဟုတ် ၅ ပေ ထက်ပိုပြီး မလောင်းချဖို့ ကန့်သတ်ချက်တွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ လက်တွေ့ သုတေသနပြုချက်တွေနဲ့ Field Studies တွေအရတော့ စိတ်ဝင်စားစရာ အချက်တွေကို တွေ့ရှိရပါတယ်။
✅ အမြင့်က လောင်းချခြင်း (Free Fall)ပေ ၅၀ ကနေ ပေ ၁၅၀ (၁၅ မီတာ ကနေ ၄၆ မီတာ) အထိ အမြင့်ကနေ ကွန်ကရိကို တည့်တည့်မတ်မတ် လောင်းချခဲ့တဲ့ စမ်းသပ်ချက်တွေမှာ သိသာထင်ရှားတဲ့ Segregation ဒါမှမဟုတ် Strength ကျဆင်းမှုမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
DuPont test လိုမျိုး စမ်းသပ်ချက်တွေမှာဆိုရင် ပေ ၅၀ အမြင့်က လောင်းချထားတဲ့ ကွန်ကရိရဲ့ Aggregate Gradation ဟာ ကားပေါ်က တိုက်ရိုက်ချတဲ့ ကွန်ကရိနဲ့ အတူတူပဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
✅ အားကူသံချောင်း (Rebar Cage) နဲ့ ထိတွေ့မှု
ကွန်ကရိက သံချောင်းတွေကို ရိုက်မိရင် Segregation ဖြစ်မယ်လို့ ယူဆခဲ့ကြပေမဲ့ ၁၉၉၄ ခုနှစ် FHWA ရဲ့ လေ့လာမှုအရ ဒီယူဆချက်ဟာ မမှန်ကန်ကြောင်း တွေ့ရှိရပါတယ်။ တချို့ဆိုရင် သံချောင်းကို ရိုက်မိပြီး ကျလာတဲ့ ကွန်ကရိရဲ့ Core Strength က ပိုတောင် ကောင်းနေတာကို တွေ့ရပါတယ်။
⚠️ ဒါဆို ဘာတွေကို သတိထားရမလဲ?
အမြင့်က လောင်းချတာ ပြဿနာမရှိဘူးဆိုပေမဲ့ အောက်ပါ အခြေအနေတွေမှာတော့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
❌အတားအဆီးများရှိခြင်း (Obstructions): ကွန်ကရိက တည့်တည့်မဆင်းဘဲ ပုံစံခွက် ဘေးဘောင်တွေ ဒါမှမဟုတ် အခြား အတားအဆီးတွေကို ရိုက်မိပြီးမှ ဆင်းသွားမယ်ဆိုရင်တော့ Segregation ဖြစ်နိုင်ပါတယ်။
❌ဘေးတိုက် စီးဆင်းမှု (Lateral Flow): ကွန်ကရိကို လောင်းချရမယ့် နေရာကို တည့်တည့်မချဘဲ ဘေးတိုက် စီးသွားအောင် လောင်းမယ်ဆိုရင်လည်း အရည်အသွေး ထိခိုက်နိုင်ပါတယ်။
❌မြေပြိုခြင်း (Soil Sloughing): Bored Pile လိုမျိုး လုပ်ငန်းတွေမှာ ကွန်ကရိက မြေသားနံရံကို သွားရိုက်မိရင် မြေသားတွေ ပြိုကျပြီး ကွန်ကရိထဲ ရောနှောသွားတတ်ပါတယ်။
📖 စံချိန်စံညွှန်းများရဲ့ အကြံပြုချက်များ
ACI 318: ကွန်ကရိလောင်းတဲ့ အမြင့်နဲ့ ပတ်သက်ပြီး အတိအကျ ကန့်သတ်ထားတာ မရှိပါဘူး။
JSCE (ဂျပန်): သာမန်ကွန်ကရိတွေအတွက် ၁.၅ မီတာ (၅ ပေခန့်) ထက် မပိုဖို့ အကြံပြုထားပါတယ်။ SCC (Self-Compacting Concrete): သူကတော့ အရမ်း အရည်ပျော်တာမို့ ၅ မီတာ (၁၆ ပေခန့်) အထိပဲ ကန့်သတ်ဖို့ အကြံပြုထားပါတယ်။
ကျွန်တော်လုပ်ခဲ့ဖူးတဲ့ ဂျပန်တံတားစီမံကိန်းအချို့မှာတော့ တိုင်ကြီးတွေလောင်းတဲ့အခါ ကွန်ကရိမလောင်းမီ strength တူ mortar (starter mortar) ကို အောက်ဆုံးက အရင်လောင်းပြီးမှ ကွန်ကရိ ဆက်လောင်းခြင်းအားဖြင့် တိုင်အောက်ခြေမှာ segregation မဖြစ်အောင် ကာကွယ်နိုင်တာကို တွေ့ဖူးပါတယ်။
နိဂုံးချုပ်ရရင် -
ကွန်ကရိကို အမြင့်ကနေ လောင်းချတာဟာ တည့်တည့်မတ်မတ်နဲ့ အတားအဆီး မရှိဘူးဆိုရင် အရည်အသွေးကို သိသိသာသာ ထိခိုက်မှု မရှိပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင် အခြေအနေအရ စနစ်တကျ ရှိဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကွန်ကရိလုပ်ငန်းခွင်က မိတ်ဆွေများအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ 😊
မိတ်ဆွေတို့ရော free fall ဘယ်လောက် ကန့်သတ်ထားပါသလဲ၊ ဘယ်နည်းတွေ သုံးကြပါသလဲ။
Reference Documents
1) ACI 304R-00: Guide for Measuring, Mixing, Transporting, and Placing Concrete
2) American Society of Concrete Contractors (ASCC) Technical Bulletin No. 3 (Dec 2002): Free Fall of Concrete
3) ASCC Position Statement #17: Free Fall of Concrete
4) JSCE Standard Specifications for Concrete Structures - 2007: Materials and Construction
5) JSCE Standard Specifications for Concrete Structures - 2007: Dam Concrete
6) Singapore LTA -Materials and Workmanship Specification 2020
San Nwe
13-Mar-2026