16/11/2019
ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် လုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် "လိုင်စင်” လျောက်ထားခြင်းအကြောင်း...။
မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပတွင် ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ခြင်းကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အနေဖြင့်လိုင်စင်ကို စိစစ်ခွင့်ပြုထုတ်ပေးသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ကျေးရွာ၏အရွယ်အစားနှင့်လမ်းပန်းဆက်သွယ်ရေး ဒေသအခြေအနေအပေါ်မူတည်၍ ကျေးရွာတစ်ရွာလျှင် ခွင့်ပြုသင့်သည့် ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်အရေအတွက်ကို လိုအပ်သလိုသတ်မှတ်နိုင်သည်။
သက်ဆိုင်ရာကျေးရွာတွင် အခြေချ နေထိုင်သူကိုဦးစားပေးခွင့်ပြုရမည်။ ပိုင်ရှင်တစ်ဦးလျှင်ဆိုင်တစ်ဆိုင်ထက်ပို၍ ဖွင့်လှစ်ခွင့်မပြုရ။
ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်များသည် အောက်ဖော်ပြပါအခြေခံအချက်များနှင့်ကိုက်ညီရမည်
(က) အရောင်းဆိုင်တစ်ဆိုင်၏ မြေဧရိယာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၂,၀၀၀ နှင့် မျက်နှာစာဖွင့်အကျယ် အနည်းဆုံး ပေ ၄၀ ရှိရမည်။ သက်ဆိုင်ရာမြို့နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကသတ်မှတ်ထားသော ကျေးရွာ၏ အစွန်မှ အနည်းဆုံးပေ ၃၀၀ ကွာဝေးရမည်။
(ခ) အရောင်းဆိုင်ဧရိယာနယ်နိမိတ်ကို အလွယ်တကူမီးမလောင်နိုင်သည့်ပစ္စည်းများအသုံးပြု၍ ခြံစည်းရိုးကာရံထားရှိရမည်။ ဆိုင်မျက်နှာစာကို ချန်လှပ်ထားနိုင်သည်။
(ဂ) ဘက်ထရီပန့် (D.C Electric Pump) များဖြင့် ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုရ။
(ဃ) လျှပ်စစ်မီးရပါက လျှပ်စစ်ပန့် (A.C Electric Pump) ဖြင့်လည်းကောင်း၊ လျှပ်စစ်မီး မရပါက လက်ရိုက်ပန့် (Hand Pump) သို့မဟုတ် ခြင်ခွက်ဖြင့်လည်းကောင်း ဖြန့်ဖြူးရောင်းချရမည်။
(င) လျှပ်စစ်ပန့် (A.C Electric Pump) ဖြင့် ဖြန့်ဖြူးရောင်းချပါက ဓာတ်ဆီကိုမြေအောက်သိုလှောင်ကန်ဖြင့်လည်းကောင်း၊ ဒီဇယ်ဆီကို မြေပေါ် သို့မဟုတ် မြေအောက်သိုလှောင်ကန်ဖြင့်လည်းကောင်း သိုလှောင်ရမည်။
(စ) လျှပ်စစ်ပန့် (A.C Electric Pump) ဖြင့်ဖြန့်ဖြူးရောင်းချပါက ဒီဇယ်ပန့်တစ်လုံးနှင့်ဓာတ်ဆီပန့်တစ်လုံးသာ ခွင့်ပြုမည်။
(ဆ) မြေအောက်စက်သုံးဆီသိုလှောင်ကန်သည် အရောင်းဆိုင်ခြံစည်းရိုးမှ အနည်းဆုံး ငါးပေ ကွာဝေးရမည်။
(ဇ) မြေပေါ်စက်သုံးဆီသိုလှောင်ကန်တွင် ဒီဇယ်ဆီသာသိုလှောင်ရမည်ဖြစ်ပြီး အရောင်းဆိုင်ခြံစည်းရိုးနှင့် အနည်းဆုံး ၁၀ ပေ ကွာဝေးရမည်။
(ဈ) လက်ရိုက်ပန့် (Hand Pump) သို့မဟုတ် ခြင်ခွက်ဖြင့်ရောင်းချပါက စက်သုံးဆီများအားမီးဘေးအန္တရာယ်လုံခြုံစိတ်ချရပြီး အခိုင်အမာတည်ဆောက်ထားသည့် ဂိုဒေါင်တွင်ပီပါဖြင့် သိုလှောင်ရမည်။
(ည) ဂိုဒေါင်သည် အရောင်းဆိုင်ခြံစည်းရိုးမှ အနည်းဆုံး ၁၅ ပေကွာဝေးရမည်။ ဂိုဒေါင်၏ အကျယ်အဝန်းသည် အနည်းဆုံးစတုရန်းပေ ၂၀၀ ရှိရမည်။
(ဋ) အရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီပမာဏ ဂါလန် ၁,၀၀၀ ထက်ပို၍ သိုလှောင်ခြင်းမပြုရ။
(ဌ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စိစစ်အတည်ပြုပေးထားသည့် သတ်မှတ်ပုံစံအတိုင်းသာတည်ဆောက်ရမည်။ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခြင်းမပြုရ။
(ဍ) အရောင်းဆိုင်တစ်ဆိုင်၏ သိုလှောင်ကန်၊ ဂိုဒေါင်များနှင့် အခြားအရောင်းဆိုင်တစ်ဆိုင်၏ သိုလှောင်ကန်၊ ဂိုဒေါင်များ၏ ကြားအကွာအဝေးသည် အနည်းဆုံး ပေ ၁၀၀ ရှိရမည်။
(ဎ) အရောင်းဆိုင်ဖွင့်လှစ်သည့်နေရာသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(အရောင်းဆိုင်)ကိုရယူ၍ ဖွင့်လှစ်ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်ကြီးများနှင့်အနည်းဆုံး နှစ်မိုင်ကွာဝေးရမည်။ (ဝေးလံခေါင်သီ၍လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသများအတွက်လျှော့ပေါ့စဉ်းစားနိုင်သည်။)
(ဏ) အရောင်းဆိုင်များအား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ကင်းလွတ်သည့်နေရာများတွင်သာဖွင့်လှစ်ရမည်။ မြို့နှစ်မြို့အကြားဖောက်လုပ်ထားသည့် မော်တော်ကားလမ်းမများ၏ဘေးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ဖွင့်လှစ်ခွင့်ပြုရန်မသင့်ဟု သတ်မှတ်ထားသည့်နေရာများ၊ အမြန်လမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီးနှင့် ခရိုင်ချင်းဆက်လမ်းမကြီးများ၏ဘေးတွင် ဖွင့်လှစ်ခြင်းမပြုရ။
လိုင်စင်အဆိုပြုလျှောက်ထားခြင်း။
ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် တည်ဆောက်ဖွင့်လှစ်လိုသူသည် အရောင်းဆိုင်တည်ဆောက်ခွင့်ပြုရန်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာဖြင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံးများမှတဆင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားရမည်..
(က) လျှောက်ထားသူ၏ (၂ x ၁.၅)လက်မဓါတ်ပုံ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ခ) အရောင်းဆိုင်အမည်။
(ဂ) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်
(ဃ) မြေပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် မြေသုံးစွဲနိုင်ကြောင်းl အထောက်အထား၊
(င) တည်ဆောက်မည့်မြေနေရာအထောက်အထား မြေစာရင်းပုံစံ (၁၀၅)နှင့် (၁၀၆)မိတ္တူနှင့် အတိုင်းအတာအကျယ်အဝန်း၊
( စ) သိုလှောင်ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီအမျိုးအစားများ၊ သိုလှောင်ကန် အရေအတွက်နှင့် ဝင်ဆံ့ဂါလန်ပမာဏ သို့မဟုတ်ဂိုဒေါင်၏သိုလှောင်နိုင်သည့် ဂါလန်ပမာဏ၊
(ဆ) တည်ဆောက်မည့်အကွက်ချပုံစံ (Layout Plan) ၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်တည်ဆောက်ခွင့်ပြုရန် လျှောက်ထားမှုကို စိစစ်ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းပြုနိုင်သည်။ အကယ်၍ လျှောက်ထားမှုကိုငြင်းပယ်ခဲ့လျှင် မည်သည့် အကြောင်းကြောင့်ငြင်းပယ်ကြောင်း လျှောက်ထားသူထံအကြောင်းကြားမည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်တည်ဆောက်ခွင့်ပြုရန် လျှောက်ထားချက်အပေါ် စစ်ဆေးစိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီကြောင်းစိစစ်တွေ့ရှိပါက သက်ဆိုင်ရာတည်ဆောက် ခွင့်ပြုမိန့်များရယူ၍ အတည်ပြုထားသည့်ပုံစံအတိုင်း တည်ဆောက်မည်ဆိုပါလျှင် လိုင်စင်ခွင့်ပြု ထုတ်ပေးနိုင်ကြောင်း လျှောက်ထားသူထံအကြောင်းကြားမည်။
လိုက်နာရမည့်စည်းကမ်းချက်များ
၁။ ဤလိုင်စင်အား လွှဲပြောင်းလုပ်ကိုင်လိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်တောင်းခံရမည်။
၂။ ဤလိုင်စင်သည် ပိုင်ဆိုင်မှုနှင့်သက်ဆိုင်ခြင်းမရှိစေရ။
၃။ လိုင်စင်ရရှိသူသည် နိုင်ငံတော်မှပြဌာန်းထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်။
၎။ ပတ်ဝန်းကျင်လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရန်အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းသိမ်းကာကွယ်ရေးအစီအမံများကို စနစ်တကျဆောင်ရွက်ရမည်။
၅။ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံမှုဆိုင်ရာသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။
၆။ စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်မှုရှိရမည်။ လုပ်ငန်းလိုအပ်ချက်အရတာဝန်ရှိသူများမှ လာရောက်စစ်ဆေးပါက လိုအပ်သလိုအစစ်ဆေးခံရမည်။ စမ်းသပ်မှုအတွက် ကျသင့်သည့်ဓာတ်ခွဲစမ်းသပ်ခများကို ကျခံပေးချေရမည်။ အရည်အသွေးနှင့်အခြင်အတွယ်မှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ဥပဒေအရအရေးယူခြင်းခံရမည်။
၇။ ပြီးခဲ့သည့်လအတွင်း ဖြန့်ဖြူးရောင်းချခဲ့သည့်စက်သုံးဆီအမျိုးအစားနှင့် ဂါလန်ပမာဏများကို သတ်မှတ်ပုံစံဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံးများသို့ လစဉ်လဆန်း(၇)ရက်နေ့နောက်ဆုံးထား၍ပေးပို့ရမည်။
၈။ စိစစ်အတည်ပြုသတ်မှတ်ခွင့်ပြုထားသော အဆောက်အအုံများ၊ သိုလှောင်ကန်များ၊ ပန့်တိုင်များ၊ ဂိုဒေါင်များအား ပြင်ဆင်ပြောင်းလဲတိုးချဲ့ တည်ဆောက်လိုပါက သတ်မှတ် ချက်များနှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူရမည်။
၉။ နှစ်စဉ်လိုင်စင်သက်တမ်းတိုးမြှင့်ခြင်းကို လိုင်စင်သက်တမ်းကုန်ဆုံးရက်မတိုင်မီ အပြီးဆောင်ရွက်ရမည်။ လိုင်စင်သက်တမ်းကုန်ဆုံးပြီး(၃)လအထက်ကျော်လွန်၍ သက်တမ်းတိုးရန်ပျက်ကွက်ပါက လိုင်စင်သက်တမ်း အလိုအလျောက်ပျက်ပြယ်သည်ဟုသတ်မှတ်ရမည်။
၁၀။ သတ်မှတ်ထားသည့်အခွန်အခနှင့် လိုင်စင်ကြေးနှုန်းထားများအားပေးဆောင်ရမည်။
၁၁။ အထက်ဖော်ပြပါ လိုက်နာရမည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်။
(အသေးစိတ်ကို ပူးတွဲအမိန့်မှာ ကြည့်ပါ..)
Creditကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် လုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် "လိုင်စင်” လျောက်ထားခြင်းအကြောင်း...။

Credit